International News

ထိုင်းအစိုးရအနေဖြင့် ပြည်နယ်အားလုံးတွင် ပထဝီဒေသဆိုင်ရာအညွှန်း (GI) ပါရှိသောထုတ်ကုန်များရရှိရေး သန္နိဌာန်ချဆောင်ရွက်

Last Updated:

အစိုးရအနေဖြင့်ပြည်နယ်တိုင်းတွင် ဒေသခံများ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ယခုနှစ်တွင် ပထဝီဒေသဆိုင်ရာအညွှန်း Geographical Indication (GI) products ပါရှိသော ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးနှင့် မြှင့်တင်ဆောင်ရွက်ရေးအပေါ် ကတိပြုထားပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Thosapone Dansuputra က အစိုးရ အနေဖြင့် ယခင်နှစ်က ပြည်နယ်(၇၅)ခုမှ GI ထုတ်ကုန်များကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခဲ့ပြီး ရောင်းအား ဘတ်ငွေ (၅) သန်းကျော်ရရှိခဲ့ကာ အောင်မြင်အောင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

လက်ရှိတွင် Pathum Thani နှင့် Ang Thong တို့မှ GI ထုတ်ကုန်များ အတွက် မှတ်ပုံတင်ထားကြကြောင်း၊ Pathum Thani အနေဖြင့် HomThong Pa- Thum ဌက်ပျောသီးနှင့် Ang Thong မှ Ekkarat drum တို့ကိုမှတ်ပုံတင်ရန် အဆိုပြုထားကြကြောင်း Mr. Thosapone ကပြောကြားခဲ့ပါသည်။

GI ဆိုသည်မှာ ကုန်ပစ္စည်းတစ်မျိုး၏ ပင်ရင်းထွက်ရှိရာ နိုင်ငံ၊ ဒေသ၊ မြို့ရွာ၊ နယ်မြေ မှ မူလထွက်ရှိသည့်ကုန်ပစ္စည်းဖြစ်ကြောင်းနှင့် ၎င်းတွင်သီးခြား အရည်အသွေး များ၊ သီးခြားနံမည် ဂုဏ်သတင်း (သို့မဟုတ်) သိသာထင်ရှားသော အသွင်အပြင်လက္ခဏာများ ပါဝင်လျက်ရှှိသည့် ကုန်ပစ္စည်းတစ်ခုအတွက် သီးခြားအသိ အမှတ်ပြုလက်မှတ် (Certificate) တစ်ခုပင်ဖြစ်ပါသည်။ အဆိုပါအမှတ်အသားက ၎င်းပစ္စည်းအတွက်ထူးခြားသောသွင်ပြင်လက္ခဏာနှင့် အရည်အသွေးတို့ကို ထင်ဟပ်စေကာ ဈေးကွက်တန်ဖိုးကို မြင့်မားလာစေပါသည်။

ယခုနှစ် ဇန်နဝါရီလအထိ GI မှတ်ပုံတင်ခြင်းအတွက်လျှောက်ထားမှုပေါင်း (၂၂၈) ခုရှိခဲ့ပြီး (၁၃၅) ခုမှာ ဌာနမှ အတည်ပြုပြီးဖြစ်ပါသည်။ အဆိုပါ (၁၃၅)ခု အနက် (၁၁၈)ခုမှာ ဒေသထုတ် ကုန်များဖြစ်ပြီး (၁၇) ခုမှာ ပြည်ပထုတ်ကုန်များဖြစ်ပါသည်။ ယခုနှစ် ပထမ (၃) လပတ်အတွင်း ပြည်နယ် (၇၇) ခုလုံးကGIထုတ်ကုန်များ ရရှိစေဖို့မျှော်လင့်ကြောင်း Mr.Thosapone က ပြောကြား ခဲ့ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ GI ထုတ်ကုန်များ တိုးမြှင့်ရေးအတွက် အစိုးရအနေဖြင့် ပြည်သူများဝင်ငွေရရှိနိုင်စေရန်နှင့်ဒေသထုတ်ကုန်များကိုတန်ဖိုးမြှင့်တင်ရန် ပြည်နယ်တစ်ခုချင်းစီအား GI ထုတ်ကုန်များကို ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ကူညီပေးရန် အစိုးရအဖွဲ့အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအား ယခင်နှစ် ဖေဖေါ်ဝါရီ လ (၁၈) ရက်နေ့က အမိန့်ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းနှင့်ချိတ်ဆက်၍ GI ထုတ်ကုန်များမှ ဘတ်ငွေ (၃၀) ဘီလီယံကျော်အထိ ရောင်းအားမြှင့်တင်ရန် ရည်ရွယ်ထား ပါသည်။ ယခင်နှစ်က  GI ထုတ်ကုန်များ အနေဖြင့်ရောင်းအား ဘတ်ငွေ(၅.၂)ဘီလီယံအထိ အမြင့်ဆုံးရရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် GI ထုတ်ကုန်ရောင်းအား ဘတ်ငွေ (၄) ဘီလီယံရရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ရောင်းအားဘတ်ငွေ (၃.၇) ဘီလီယံရရှိခဲ့ပါသည်။ ယခုနှစ်အတွက် GI ထုတ်ကုန်ရောင်းအားအနေဖြင့် ဘတ်ငွေသန်း (၃၀၀) မှ (၄၀၀) အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း Mr.Thosapone က ပြောကြား ခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့်နိုင်ငံခြားတိုင်းပြည်များတွင် ထုတ်ကုန်ပစ္စည်း(၆)ခုအတွက် GI မှတ်ပုံတင်ထားပါသည်။ ၎င်းတို့မှာ Thung Kula Rong Hai hom mali rice၊  Doi Chaang coffee၊ Doi Tung coffee နှင့် EU တွင် Sangyod Muang Phatthalung coffee၊ ဗီယက်နမ်တွင် Isan indigenous Thai silk yarn ၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတွင် Lamphun brocade Thai silk တို့ဖြစ်ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် Thung Kula Rong Hai hom mali ဆန်၊ Phetchabun မန်ကျည်းချိုနှင့် Tubtim Siam Pak Phanangကျွဲကောသီး တို့အား တရုတ်နိုင်ငံတွင် GI လျှောက်ထား မှုများ တင်သွင်းထားပြီးဖြစ်ပါသည်။ ဆင်လက်၍ ထိုင်းနိုင်ငံအနေဖြင့်ဂျပန်နိုင်ငံတွင် Doiu Tung Doi Channg ကော်ဖီ နှင့်Uttaradit’s Huay Mon နာနတ်သီးတို့အား GI မှတ်ပုံတင်ထားပါသည်။

ဗီယက်နမ်တွင်ထိုင်းအစိုးရမှ Phetchabun မန်ကျည်းချိုနှင့် Lamphun golden လောင်ဂန်သီး တို့အတွက် GIမှတ်ပုံတင်အတည်ပြုချက်ကို စောင့်ဆိုင်းလျှက်ရှိ ပါသည်။ အလားတူ ကမ္ဘောဒီးယားနိုင်ငံတွင် Doi Tung ကော်ဖီအတွက် GI အတည်ပြုချက်ရရှိရန်စောင့်ဆိုင်းလျှက်ရှိ ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံတွင် Durian Prachin နှင့် Ratchaburi aromatic အုန်းသီးတို့အတွက်လည်းကောင်း၊ မလေးရှားနိုင်ငံတွင် Sangyod Muang Phatthalung၊ Tubtim Siam Pak Phanang ကျွဲကောသီး နှင့်  Thung Kula Rong Hai hom mali ဆန်တို့အတွက် GI မှတ်ပုံတင်ရန် လျှောက်လွှာများကိုရေးဆွဲလျှက်ရှိပါသည်။

ထိုင်းနိုင်ငံတွင်GI မှတ်ပုံတင်ထားသော နိုင်ငံခြားထုတ်ကုန်(၁၇)ခုရှိပါသည်။ ၎င်းတို့ အနက် အများစုမှာ အီတလီ၊ ဗီယက်နမ် နှင့် ပြင်သစ်တို့ဖြစ်ပါသည်။ နိုင်ငံခြား ထုတ်ကုန် များ ဖြစ်သော ကယ်လီဖိုးနီးယားမှ စပျစ်သီး၊ ချီလီမှPisco တံဆိပ်၊ အီတလီမှGrana Padanoနှင့် Asigo ဒိန်ခဲ၊  ဂျပန်မှ Kobe အမဲသား စသည့် နိုင်ငံခြား ထုတ်ကုန် (၉) မျိုးအတွက် GI လျှောက် ထားမှုများရှိနေပါသည်။

Mr.Thosapone က ပြောကြားချက်အရ  ဌာနအနေဖြင့် ဒေသခံများအား အကြံဉာဏ် များပေးခြင်းနှင့် GI ထုတ်ကုန်များ ဖြစ်လာနိုင်သည့် အလားအလာရှိသော ထုတ်ကုန်များကို ရွေးချယ်နိုင်ရန် ပြည်နယ်များနှင့်ညိှနှိုင်းပူးပေါင်းဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Jurin Laksanawisit က ပြည်သူ အများ၏ ဝင်ငွေတိုးတက်စေရေးအတွက် ပြည်နယ်တစ်ခုချင်းစီတွင် GIထုတ်ကုန် တစ်ခု ထက်မက ရှိစေရန် တောင်းဆိုခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်နယ်ကုန်သွယ်ရေးရုံးများအနေဖြင့် ပြည်နယ် (၅၀) ခုအတွက် အလားအလာရှိသော ထုတ်ကုန် ( ၁၄၇)  ခုအား GI အသိအမှတ်ပြုလက်မှတ်ရရှိရေး အဆိုပြုတင်ပြထားပါသည်။

ထုတ်ကုန်အများစုမှာ သစ်သီးများ၊ ပိုးထည်၊ ပြုပြင်ထားသော အစားအစာ ထုတ်ကုန် များ၊လက်မှုပစ္စည်းထုတ်ကုန်များ နှင့် ဝါးထည်ကြိမ်ထည်များဖြစ်ကြပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်ဉီးစီးဌာန အနေဖြင့်ပြည်နယ်အရာရှိများ၊ ဆက်စပ်ဌာနများ၊ လယ်သမားများနှင့် လူမှုအဖွဲ့ အစည်းများပါဝင်လျှက် GI ၏ အကျိုးကျေးဇူးများကို ဆွေးနွေးဆောင်ရွက်လျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source: Bangk Post                                                               

Category: International News